Local News

ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် နနွင်းများစတင်တူးဖော်နေ

Last Updated:

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် နနွင်းများစတင်ထွက်ပေါ်နေပြီး ယခင်နှစ်ထက်ဈေးပိုရနေကြောင်း နနွင်းစိုက် တောင်သူများထံမှသိရသည်။ ကျောက်ဆည်ခရိုင်တွင် နနွင်းစိုက်ဧကပေါင်း(၂၃၅၈)ဧကရှိ၍ နနွင်းများကိုမိုးဦးကျကာလတွင် စတင် စိုက်ပျိုးပြီး မြစ်သားမြို့နယ်တွင် ရွာခိုင်ကြီး၊ လွန်ကျော်၊ မဿဲ၊ စမြှောင်၊ ပေတော၊ ဒါးဝယ်အင်း ကျေးရွာများတွင် အများဆုံး စိုက်ပျိုးကြ ကြောင်း၊  တစ်ဧကကုန်ကျစရိတ်မှာ ခုနှစ်သိန်းမှ ရှစ်သိန်းခန့်ထိ ကုန်ကျကြောင်းသိရသည်။

တစ်ဧကအထွက်နှုန်းမှာ နနွင်းအစို၂၅တင်းဆံ့လှည်းအစီး(၈)စီးမှ(၁၀)စီးအထိထွက်ရှိ၍တင်း၂၀၀မှ ၂၅၀ရကြောင်း၊ နနွင်းတက်လှည်း တစ်စီးကို အခြောက်ခံလျှင် နနွင်းအခြောက်ပိဿာချိန် (၇၀) ထွက်ရှိ၍ တစ်ဧကလျှင် အခြောက်ပိဿာချိန် ၅၆၀ မှ ၇၀၀ ထိရကြောင်း၊ မြေဆီနှင့် မြေဩဇာထည့်မှုပေါ်မူတည်၍ အထွက်နှုန်းကွာခြားကြောင်း၊ ပွဲစားများမှ နနွင်းအစိုလှည်းတစ်စီးလျှင်ကျပ်နှစ်သိန်း၊ နနွင်း အခြောက်ပိဿာချိန်တစ်ရာလျှင်ကျပ် လေးသိန်းပေး၍ဝယ်ယူနေကြောင်း၊ မြစ်သား၊ ကူမဲရှိပွဲရုံများနှင့် မန္တလေးပွဲရုံများသို့တင်ပို့ရောင်းချ လျှက်ရှိကြောင်း အထွက်နှုန်းကတော့ အရင်နှစ်ထက်ပိုမထွက်ပေမဲ့ ဒီနှစ်မှာဈေးပိုရကြောင်း မြစ်သားမြို့နယ်၊ ပေတောရွာမှ နနွင်းစိုက် တောင်သူ ဦးဇော်နိုင်ကပြောပါတယ်။

နနွင်းပိဿာချိန်တစ်ရာလျှင် ယခင်နှစ်နနွင်းပေါ်ချိန်က ကျပ်နှစ်သိန်းခွဲသာရရှိကြောင်း၊  ယခုနှစ်တွင်ဈေးကောင်းရသောကြောင့် အကျိုး အမြတ်ရရှိကြောင်း   နနွင်းသီးနှံသည် အခြားသီးနှံများနှင့် နှိုင်းယှဉ်ပါကတောင်သူများအနေဖြင့် အကျိုးအမြတ်ရှိပြီး ဝင်ငွေကောင်းတဲ့ သီးနှံဖြစ်တဲ့အတွက် တိုးချဲ့စိုက်ပျိုးသင့်ကြောင်း နနွင်းစိုက်တောင်သူများ၏ ပြောကြားချက်အရ သိရသည်။

ရတနာပုံကုန်သွယ်မှုဗဟိုဌာန

Category: Local News